ဆင်ဖြူရှင်မင်း လက်ထက် သက္ကရာဇ် (၁၀၆၀)လောက်တွင်
ဝဏ္ဏဗောဓန သတ်အင်း ကျမ်းပြု အရှင်ဥက္ကံသမာလာ အမှုးရှိသော အရုံဂိုဏ်း သံဃာတော်တို့က ဓမ္မ
ဝိနယ နှင့်အညီ ပထမ အကြိမ် ပြောဆိုသော်လည်း အလဇ္ဇီ အသင်းအပင်း အားကြီးသောကြောင့် ဦးထုပ်ဆောင်း
ရင်စည်း အလေ့ကျင့် မပျောက်ကွယ်။
သက္ကရာဇ် (၁၀၉၅) ခုနှစ်မှာ မင်း အဖြစ်သို့ရောက်သော
ဟံသာဝတီပါ မင်းတရားလက်ထက် အဘိဓာန် နိဿရည်း စသော ကျမ်းပြု အောင်ကျောင်စံထား ဆရာတော်
အရှင်ဥာဏ၀ရ အမှုးရှိသော အရုံဂိုဏ်း ဆရာတော်တို့က ဒုတိယ အကြိမ် စာပေကျမ်းဂန် နှင့်အညီ
ပြောဆိုပါသော်လည်း၊ ၀ိနည်းမှန်း မသိရှာသော ရာဇ၀လ္လဘ မင်းဆရာ ၀ိနည်းဓိုရ် အောင်မြေရွှေဘုံ ဆရာတော်ကြောင့်
အမှု မပြီးပြတ်ပေ။
အမှုမပြီးပြတ်မီအတွင်း မိုးထိကျောင်းနေ
ဂါမ၀ါသီ ဦးထုပ်ဆောင်းဂိုဏ်း ရှင်သာသနာလင်္ကာရ ဆရာတော်က “ကျမ်းဂန်ထွေထွေ ထူးထူး ပြဆိုရမည့် အရာမဟုတ်ပေ၊ ရှေး ပဝေသဏီ အဆက်ဆက်က ဆင်းသက်ခဲ့သော
အရာဖြစ်၍ ပကတိအတိုင်း ဦးထုပ်ဆောင်း နှင့် နေထိုင်သင့်ကြောင်း” ဟံသာဝတီမင်းထံ စာဆက်သွင်းသောကြောင့်
မင်း အာဏာဖြင့် တောနေ အရုံဂိုဏ်း တုံဂိုဏ်း နှစ်ဦးနှစ်ဘက်လုံးပင် ဦးထုပ်ဆောင်း ပြန်ချေသည်၊
ထေဲရ၀ါဒ လဇ္ဇီပေသလ သီလ၀န္တ ၀ိနယဂရုက ဖြစ်တော်မူကြကုန်သော အချို့သော အရုံဂိုဏ်း ဆရာတော်ကြီးတို့သည်
အ၀မြို့တော် မှ ဖဲခွါ၍ တောကျေးလက်သို့ ကြွသွားကြပြီးလျင် ဦးထုပ်ကို ဆုပ်ဖဲ့၍ ၀ိနည်းတော်နှင့်
အညီ နေထိုင် သီတင်းသုံးတော်မူကြသည်။
သက္ကရာဇ် (၁၁၁၃) ခုနှစ် မင်းနှင့်တကွ
အ၀မြို့ကို ရာမညမင်းက သိမ်းယူပြီးနောက်၊ သက္ကရာဇ် (၁၁၁၅) ခုနှစ်မှာ မင်းအဖြစ်သို့ ရောက်သော
ရတနာသိင်္ဃ အလောင်းမင်းတရား မင်းကြီးကလက်ထက်သို့ ရောက်သောအခါ တုံရွာ အရှင်ဂုဏသီရီ၏ အဆက်နွယ်ဖြစ်သော
အတုလယသံဃရာဇာ ဆရာတော်က ဘုရင်မင်းတရားကြီးအား စူဠဂဏ္ဍိကျမ်း နှင့်အညီ ဥရ ဗန္ဓန ဒုကုဋ်တင်
ရင်စည်းဂိုဏ်းသာ မှန်ကန်ကြောင်း စာဆက်သွင်းသောကြောင့်၊ “သုံးဂိုဏ်း သုံးသွယ် အကွဲအပြား မရှိစေနှင့် ဒုကုဋ်တင် ရင်စည်း အနွယ်ချည်း ဖြစ်စေ”
ဟု မင်းအမိန့် အာဏာထုတ်ပြန်လေသည်တွင် “၀ိနည်းတရားတော် ရှိသည့်အတိုင်း ကျင့်လိုပါသည်”
ဟူသော ထေရ၀ါဒ လဇ္ဇီ ပေသလ တောနေ အရုံဂိုဏ်း ဆရာတော်တို့၏ စကားကို ရွေနားတော် ကြားတော်မူပြန်လျင်၊
“သာသနာရေးကိစ္စ ထားဘိဦး၊ နိုင်ငံတော်ရေး ကိစ္စ
ပြီးစေပြီးမှ စီစစ်တော်မူမည်” ဟု အမိန့်တော်မှတ်လေသည်။
No comments:
Post a Comment