သက္ကရာဇ် ၁၀၅၀ ကျော်အခါ ကာလ သမယ လောက် တွင်
ညောင်ရွှေကျေး ညောင်ဝန်းသားဖြစ်သော အရှင်ဝိစိတ္တာလင်္ကာရ မထေရ်သည် ပိဋကတ်စာပေ နှံ့စပ်၍တက်ရည်
လိမ္မာရည်နှင့် ပြည့်စုံပြီး ဖြစ်ရကား၊ တောင်ငူမြို့ အရည၀ါသီ တောကျောင်းနေတော်မူ၏၊ ထိုအခါ
ငယ်ရွယ်စဉ်အခါက စာပေ သင်ကြားဘက် ဖြစ်ကြကုန်သော ငမြာ အရှင်ပညာသာရ၊ နောင်ဘ အရှင်စန္ဒမဥ္မူ၊
မောဂ္ဂလာန် အရှင်ဓမ္မနန္ဒ၊ ငရံအို အရှင်ကုဏ္ဍလ၊ မိုးကောင်း အရှင်အဂ္ဂဧသိ၊ တုံရွာ အရှင်ဂုဏသီရိ
ခြောက်ပါးတို့သည် ၀ိနည်းတရားတော် ရှိသည့်အတိုင်း ကျင့်ဆောင်လိုကြသည်ဖြစ်၍ ကျမ်းဂန်းတရား
ဆွေးနွေးအံ့သောငှါ၊ တောင်ငူ အရှင်ဝိစိတ္တာလင်္ကာရ ထံသို့ ရောက်ကြလျင်၊ ဆရာတော်က “ငါရှင်တို့လည်း
ကျမ်းဂန်သင်ဘူးသည်ချည်း ဖြစ်သည်။ အခုကာလ သာမဏေတို့သည် ကိုယ်ရုံကို ရင်စည်းဖွဲ့၍ မြို့တွင်း
ရွာတွင်းသို့ ၀င်ကြသည်၊ ၄င်းအလေးကျင့်သည် ကျမ်းဂန်နှင့် ညီ မညီ သင့် မသင့်ကို စာပေကို
ကြည့်ရှု့ ဆင်ခြင်ကြဦး” ဟုမိန့်တော်မူသဖြင့် ၂နှစ်ပါတ်လုံး စာပေကျမ်းဂန် ကြည့်ရှု့ စီစစ်ကြပြီးလျှင်
“အလဇ္ဇီတို့၏ အလေအကျင့် ဖြစ်သော ဦးထုပ်ဆောင်းခြင်း ရင်စည်းဖွဲ့ခြင်း တို့သည် ၀ိနည်း
ပါဠိ အဋ္ဌကထာ ဋီကာတို့နှင့် မညီ။ ပါဠိ အဋ္ဌကထာ ဋီကာ လာရှိသည့်အတိုင်း ငါတို့ ကျင့်တော့မည်”
ဟု ကတိက၀တ်ပြုကြပြီးလျင်၊ အသီးအသီး မိမိတို့၏ ရပ်ရွာဌာနေသို့ ပြန်ရောက်ကြလျင်၊ ရှေးအာစရိယ၀ါဒ
အလေ့အကျင့်ကို စွန့်ပစ်ကြ၍၊ ထေရ၀ါဒ ဖြစ်သော ပါဠိ အဋ္ဌကထာလာတိုင်း ကျင့်ဆောင်ကြကုန်သည်။
တုံရွာ အရှင်ဂုဏသီရိ မူကား ရပ်ရွာသို့ရောက်လျင်၊
“ကျမ်းဂန် အရှိတိုင်း ကျင့်လိုသည်” ဟု တပည့်ကြီး ရှင်ဝိမလာစာရအား ပြောကြားတိုင်ပင်ရာ
“အိုးစရည်းကြီး လုပ်ပြီးမှ အိုးငယ် ခွက်ငယ် လုပ်ပြန်မည် ဟုဆိုသည့် အရာသည် မသင့်မလျော်”
ဟုဆိုသော ရှင်ဝိမလာစာရ၏ စကားကို နာယူ၍၊ အထက်ပါ ခြောက်ပါး၏ ဆုံးဖြတ်ချက် ကတိက၀တ်ကို
ဖျက်၍ တပည့်သာမဏေတို့ကို ဦးထုပ်မဆောင်းစေဘဲ အပေါ်ရုံ သင်္ကန်းကို ဒုကုဋ် ကဲ့သို့ ခေါက်စေ၍
လက်ဝဲ ပုခုံးထက်၌ ရှေ့နောက် တွဲရရွဲ ချ၍ တင်စေပြီးလျင်၊ သင်္ကန်းပမာဏ မလောက်သော ဖန်ရည်စွမ်းသော
ဖျင် နံငယ် တစ်ခုကို အတွန့် အတွန့် ခေါက်လိပ်၍ ရင်စည်း ဖွဲ့ချည်ပြီးလျင် မြို့တွင်း
ရွာတွင်းသို့ ၀င်စေသည်၊ ဤတုံရွာ အရှင်ဂုဏသီရိ ကို အစွဲပြု၍ “ဒုကုဋ်တင် တုံဂိုဏ်း” ဟုပေါ်ပေါက်
လာသည်။
ထိုအခါကာလက မြန်မာနိုင်ငံတွင် “ဂါမ၀ါသီ
ဦးထုပ်ဆောင်းဂိုဏ်း၊ ဒုကုဋ်တင် ရင်စည်း တုံဂိုဏ်း၊ အရည၀ါသီ တောနေဂိုဏ်း” ဟု ဂိုဏ်း
၃မျိုး ထင်ရှား ကွဲပြားကြလေသည်။
No comments:
Post a Comment