ပုခမ်းဆရာတော်

on Wednesday, July 4, 2012

ပုခမ်းဆရာတော်
ပုခမ်းဆရာတော် ဘဒ္ဒန္တ ၀ိစာရာဘိဝံသကို ပုခမ်းကြီးမြို့နယ်၊ တွင်းမရွာနေ အဘ ဦးဘိုးပြန့်  အမိ ဒေါ်မွှေး တို့မှ သက္ကရာဇ် ၁၂၂၄ ခုနှစ်တွင် မျက်နှာသန့်စင် ဖွားမြင်၍ ငယ်နာမည်မှာ မောင်စာတိုက် ဖြစ်ပါသည်။ ဘုရားကြီးတိုက် တွင်စာပေပို့ချနေစဉ် ပခုက္ကူက လျောက်ထားတောင်းပန်သဖြင့်၊ သာသန၀ိပုလာရာမတိုက်၌ အာရာမာအဓိပတိအဖြစ်ဖြင့် ပရိယတ္တိစာပေပို့ချ၍ သာသနာတော်ကို စောင့်ရှောက်ခဲ့ပါသည်။ သက္ကရာဇ် ၁၃၀၂ ခုနှစ်တွင် လူအိုရောဂါဖြင့် သက်တော် ၇၈၊မှာ သာသနာဝိပုလာရာမတိုက်တွင်  ဘ၀နတ်ထံပျန်လွန်တော်မူပါသည်။ ကာရန္တာဒိ ၀ိဘာဝိနီ၊ ဗျဉ္စနဗုဒ္ဓါဒိ ဒီပနီစသော ကျမ်းများရေးသားခဲ့ပါသည်။ 

(ပုခမ်းကျောင်းသည် အခု ဆင်မင်းကျောင်း  ဟုအမည်တွင်ပါသည်။ အခုဆင်မင်းကျောင်း ဆရာတော်မှာ နိင်ငံတော်သံဃမဟာနာယက ဘဒ္ဒန္တသြဘာသာဘိဝံသ ဖြစ်ပါသည်။) ပုခမ်းဆရာတော်၏ အဆက်နွယ် တပည့်တို့ကား

(က) အရှင်သဒ္ဓမ္မာလင်္ကာရ- ရေစကြိုမြို့နယ်၊ နနွင်းကိုင်းရွာနေ အဘ နေမျိုးသမန္တကျော်ထင် သူကြီး ဦးရွှေထင် အမိ ဒေါ်သိုက် တို့မှ သက္ကရာဇ်၁၂၄၆ ခုနှစ်တွင် မျက်နှာသန့်စင် ဖွားမြင်၍ ငယ်အမည် မောင်စိန်မြင့်ဖြစ်သည်။ ပခုက္ကူမြို့ သာသန၀ိပုလာရာမတိုက်၌ အာရာမာဓိပတိ သံဃနာယက အဖြစ်ဖြင့် စာပေပို့ချ၍ သာသနာတော်ကို ကြီးပွားစေခဲ့ပါသည်။

(ခ) အရှင်အရိယာလင်္ကာရ---မြောင်မြို့နယ်၊ ရွှေတချောင်းရွာနေ အဘ ဦးလူဆင် အမိ ဒေါ်ငွေမှီ တို့မှ သက္ကရာဇ်၁၂၆၃ ခုနှစ်တွင် မျက်နှာသန့်စင် ဖွားမြင်၍ ငယ်အမည် မောင်အောင်ညွန့်ဖြစ်သည်။ ဒက္ခိဏာရာမဘုရားကြီးတိုက် တမ္ပ၀တီကျောင်း၌ စာပေပို့ချ၍ သာသနာတော်ကို ကြီးပွားစေခဲ့ပါသည်။ (အခုတမ္ပ၀တီကျောင်း ဆရာတော်မှာ ဘဒ္ဒန္တသြဘာသ ဖြစ်ပါသည်။)

(ဂ) အရှင်မေဓိယာလင်္ကာရ---ရမည်းသင်းမြို့နယ်၊ အုတ်ဖိုရွာနေ အဘ ဦးစံခိုင် အမိ ဒေါ်အိမ်မင်းတို့မှ သက္ကရာဇ်၁၂၇၃ ခုနှစ်တွင် မျက်နှာသန့်စင် ဖွားမြင်၍ ငယ်အမည် မောင်မြင့်သန်းဖြစ်သည်။ ဒက္ခိဏာရာမဘုရားကြီးတိုက် နယားကျောင်း၌ စာပေပို့ချ၍ သာသနာတော်ကို ကြီးပွားစေခဲ့ပါသည်။

 (နယားဆရာတော် ဟုလူသိများပါသည်။ ဆရာတော်၏ အစ်ကိုဖြစ်သူ အမရပူရဆရာတော် ဘဒ္ဒန္တဥက္ကံသာဘိဝံသ သည်လည်းထင်းရှားသော ဆရာတော်တစ်ပါးဖြစ်ပါသည်၊ နယားဆရာတော် ရေးသားပြုစုသောထင်ရှားသော စာအုပ်များမှာ-- ပါဠိပါရဂူကျမ်း၊ ပိဋက၀ိသောဓနီကျမ်း၊ သံဝဏ္ဏနာနိယံသစ်ကျမ်း၊ ရွှေရေးဆောင်နိယံအဖြေကျမ်းတို့ဖြစ်ပါသည်။ နယားဆရာတော်၏ ထင်ရှားသောတပည့်တို့မှာ ဗန်းမော်ဆရာတော် ဘဒ္ဒန္တကုမာရာဘိဝံသ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ၊ ဆင်မင်းဆရာတော် ဘဒ္ဒန္တသြဘာသာဘိဝံသ၊ ဘဒ္ဒန္တ၀ိစာရာဘိဝံသ မဟာဝိသုတာရာမ အလယ်တိုက် ဆရာတော် ပခုက္ကူမြို့။ ဘဒ္ဒန္တနာရဒါဘိဝံသ လှရတနာဆရာတော် ဗဟန်း၊ညောင်တုန်းကျောင်းတိုက်။ အခုနယားကျောင်း လက်ရှိဆရာတော်မှာ ဘဒ္ဒန္တ နန္ဒိယ ဖြစ်ပါသည်။)

No comments:

Post a Comment