တုံဂိုဏ်း အစ (၁)

on Saturday, September 15, 2012


သာသနာတော် (၆၀၀)ကျော် (၇၀၀) နှစ်ခန့်တွင် သီဟိုဠ်ကျွန်း ဘူမိရာဇာမင်းလက်ထက် ရဟန်းတော်တို့သည် အလဇ္ဇီသာ များသဖြင့် ပရိမဏ္ဍလ သုပ္ပဋိစ္ဆန္န သိက္ခာပုဒ်တော်များကို အလေးအမြတ် မပြုကြ၊ တရားတော်နှင့် မညီညွတ် အ၀တ်အရုံ ဖေါက်ပြန်၍ ဦးထုပ်ဆောင်းခြင်း၊ ရင်စည်းခြင်း စသော မလျောက်ပတ်သော အမှုကို ပြုကျင့်ကြကုန်၏။ ဦးထုပ်ဆောင်းခြင်း၊ ရင်စည်းခြင်း စသော မလျောက်ပတ်သော အမှုသည် ပရမတိလောကမင်း လက်ထက် ယိုဒယားပြည် (ထိုင်း)သို့ ရောက်လေသည်။ (ယခုအချိန်ထိ ထိုင်း ရဟန်းတော်များ ရင်စည်းလျက်ရှိသည်)။ 

သက္ကရာဇ် ၉၀၀ ပြည့်လောက်က မင်းတရား တပင်ရွှေထီး ယိုဒယားကို အောင်မြင်သောအခါ ဆင် မြင်း ဗိုလ်ပါ မှစ၍ ထုတ်ယူခဲ့ရာတွင်၊ ရင်စည်း ရဟန်းတော်များ ပါလာသည်။ ထိုအခါမှစ၍ ရင်စည်း ရဟန်းတော်မျး ဟံသာဝတီ သို့ရောက်သည်။ မဟာ သံဃရာဇာ မွန်ဆရာတော် အရှင်သဒ္ဓမ္မပါလ နှင့် တရားဆွေနွေး မေးမြန်းကြလျင်၊ သဘာဂမတူ အယူကွဲပြား ကြသည်ဖြစ်၍ ကံကြီး ကံငယ် မစပ်ယှက် ဂိုဏ်းသီး ဂိုဏ်းခြား ထားလေသည်။ 

သက္ကရာဇ် ၉၇၄ နှစ်လောက် ရောက်သောအခါ၌လည်း သန်လျင်စား ပေါ်တူဂီ လူမျိုး ငဇင်ကာ နှင့်အလိုက်သင့် ပေါင်းသင်း၍ နေကြသော သီဟိုဠ်သား အလဇ္ဇီ ဒုဿီလတို့သည်လည်း ဦးထုပ် ဆောင်ခြင်း သင်္ကန်း နောက်လှန် ဦးခေါင်းခြုံဝတ်ခြင်း ရင်စည်းခြင်း ဘရင်ဂျီ ဘုန်းကြီးများကဲ့သို့ တရပတ်ကိုင်ခြင်း အရက်သောက်ခြင်း စသည်တို့ကို ပြကြကုန်သည်။ ၄င်းတို့ကို အတုလိုက်သော အဓမ္မ၀ါဒီ အလဇ္ဇီိတို့သည် ဟံသာဝတီကစ၍ ပွါးများဆင်းသက်လာလေသည်။ ၄င်းအဓမ္မ၀ါဒီ တို့၏ အလေ့အကျင့်မျိုးတို့သည် တစတစ ကြီးပွါ၍ မြန်မာနိုင်ငံတော် တ၀ှမ်းလုံး ပြန့်နှံ့လေသည်။

No comments:

Post a Comment