အလောင်းမင်းတရား မင်းကြီး၏ ဆရာ သံဃရာဇာဟောင်း
အတုလယသ ဆရာတော်က မိမိ၏ အယူဝါဒ ဖြစ်သော ဒုကုဋ်တင် ရင်စည်း အကျင့်သာ အပ်ကြောင်း ကျမ်းဂန်
ရှိကြောင်း စာရေး၍ တကာများမှ တဆင့် ရွှေနားတော် တင်သွင်း ပြန်သဖြင့်၊ ၎င်းဆရာတော်ကို ပင့်၍
သုဓမ္မာ သဘင်ဝယ် “၀ိနယ ဥဗ္ဗိနယ စကားဆိုကြစေ၊ မှန်ရာကို ငါလိုက်တော်မူမည်” ဟု အမိန့်ရှိသဖြင့်
သုဓမ္မာသဘင်ဝယ် ပြောဆိုစေရာ ပါဠိ အဋ္ဌကထာ ဋီကာ လာရှိသည်ကို မဆိုမပြောနိုင်ဘဲ၊ စူဠဂဏ္ဍိလာကျမ်းလာ
စီဝရဥရဗန္ဓနာ ကိုသာ ပြောဆိုလေသော် တပိဋကာလင်္ကာရ ဗားကရာဆရာတော် မောင်းထောင်းကြီးဆရာတော်
စသော မထေရ်တို့က “ငါရှင့် နှစ်သက်မြတ်နိုးလှသော
စူဠဂဏ္ဍိလာကျမ်းတွင် ပဉ္ဇင်းခံရာ ကမ္မ၀ါစာ ဆရာတို့သည် ပေစာကို မကြည့်ဘဲ နှုတ်လွတ် ရွတ်မှသာ
ကံမြောက်သည်” ဟု ဆို၏၊ “ငါရှင့်ကို ပဉ္ဇင်းခံသောဆရာတို့သည် ပေစာကို ကြည့်၍ ရွတ်ကြသလော၊
နှုတ်လွတ်ရွတ်ဆိုသလော” ဟုမေးမြန်းရာ မိန်းမောတွေဝေ၍ မကြံနိုင်အောင် ရှိသောကြောင့် သောင်တင်
ရေမကျ စကားကိုသာ ပြောဆိုနေလေသည်။ တဖန် တိပိဋကာလင်္ကာရဆရာတော်က “၀ိနည်း ငါးကျမ်းတွင် ဖျင် တနံကို ဒုကုဋ်တင်၍
ရင်ဖွဲ့ စည်းပြီးလျင် တဘက်လက်ကတော့ တင်နှင့် သွားအပ်ကြောင်းကို ထုတ်နှုတ်၍ ဆိုတော်မူပါ””
ဟုလျောက်ထား မေးမြန်းပါသော်လည်း ဆိုစရာမရှိ ငုံးတိတိ ငေးမှိုင်လျက် နေချေသော် တုံ ရုံ
အဆုံးဖြတ်တွင် အကျယ် ပြဆိုထားသည့်အတိုင်း ပါဠိ အဋ္ဌကထာ အာဂမယုတ္တိ တကွပြောဆိုကြလေသည်။
၎င်းအလုံးစုံကို ရွှေနားတော် ကြားတော်မူလျှင်
“အတုလယသဆရာတော်သည် ၀ိနည်း ငါးကျမ်းကို ပစ်ပါယ်၍
အာစရိဝါဒ အတ္တနောမတိ မျှဖြင့် ကျင့်ဆောင်သော အလဇ္ဇီပုဂ္ဂိုလ်ပင်ဖြစ်သည်၊ သူမှတပါးသော အာစရိယ၀ါဒ
အယူရှိကြသော ပုဂ္ဂိုလ်များက ကံကြီး ကံငယ် မစပ်ယှပ်ဘဲ ကြဉ်ဖယ်ထားခြင်း၏ အကြောင်း ထပ်လာင်း၍
မေးကြဦး” ဟုမိန့်ဆိုချက်ကို ဦးထိပ်ပန်ဆင်ရသော အမတ်ကြီးတို့သည် မေးမြန်း စီစစ်ကြပြန်ရာ
“ခမည်းတော် အလောင်းမင်းတရား လက်ထက် ရာဇ၀လ္လဘ သံဃရာဇာ မင်းဆရာဖြစ်သည့် အလျောက် လူမှုရေးရာ
ကိစ္စများကို ၀င်ရောက် ဆုံးဖြတ်သဖြင့် ကြေး ငွေ ကုန်ကျခြင်း ရာဇ၀တ် ပြစ်ဒဏ် ခံရခြင်း
စသော အကြောင်းတို့ကြောင့် မပေါင်း မယှက် ထားပေသည်” ဟု ဆိုကြ၍၊ အတုလယသ ဖြတ်ထုံး အစောင်စောင်ကို
တင်ပြ ဆက်သွင်းကြရာ၊ လူပညာရှိ သုခမိန် မှုမတ်များက သည့်အတိုင်း မှန်လျှင် တရားလက်လွတ်
သီလမရှိ ဖြစ်ချေသည် ဟု သံတော်ဦးတင်ကြရာ “အတုလယသ ပုဂ္ဂိုလ်သည် သာသနာတော်၏ ဘေးရန် ဆူးငြောင့်
ပြုကျင့်၍ နေသောသူဖြစ်သည်၊ ထင်ရှားအောင် လူဝတ်လဲ၍ မောင်းကြော်ပြီးမှ မိမိရပ်ရွာသို့
နှင်ထုတ်လေ” ဟု အမိန့်တော် ချမှတ်သည့်အတိုင်း နှင့်ထုတ်လိုက်လေသည်။
ထိုအခါမှ စ၍ အလဇ္ဇီ ဒုဿီလတို့၏ အလေ့
အကျင့်ဆိုး တို့သည် မြန်မာပြည်တွင် ပျောက်ကွယ်ကြလေသည်။
No comments:
Post a Comment