History of Phayagyitaik

on Thursday, July 21, 2011

ဒက္ခိဏာရာမ ဘုရားကြီးတိုက် သမိုင်းအကျဉ်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်အတွင်း တည်ထားကိုးကွယ်လျှက်ရှိသော ဆုတောင်းပြည့်စေတီတော်ကြီးသည် ကုန်းဘောင်မင်းဆက် (၉) ဆက်မြောက် အမရပူရ စတုတ္ထနန်းစံ ပုဂံမင်းတရားကြီးမှ ကျီဝန်၊အတွင်ဝန် အဘယသက်တော်ရှည် အမတ်ကြီးအဖြစ် သူကောင်းပြုခံရသည့် မင်းကြီး ဦးပွား မှတည်ထားကိုးကွယ်ခဲ့ပါသည်။
မင်းကြီးဦးပွားသည်စေတီတော်နှင့်တကွသံဃာတော်များသီတင်းသုံးသည့် ကျောင်းတော်ကြီး ဆောက်လုပ်လှုဒါန်းလိုသော သမ္မာဆန္ဒဖြင့် မြေကြန်လက္ခဏာ အတက်တို့ကို ပါရဂူမြောက်တက်သိသော ဇာဂရု အမည်ရှိသော ပုဏ္ဏားအား စေလွှတ်၍ မြေကောင်းမြေမြတ်ကို ရှာဖွေရန် စေလွှတ်ခဲ့ပါသည်။ ဇာဂရု ပုဏ္ဏားသည် အမရပူရနေပြည်တော်၏ အရှေ့မြောက်ယွန်းယွန်း တစ်ခုသော မြေပြင်သို့ ရောက်သောအခါ အံ့သြချီးမွမ်းဘွယ်ရာ ဖြစ်လောက်သောအခြင်းအရာကို တွေ့ရှိပေသည်။ မင်းကြီးဦးပွားထံသွားရောက်၍ မိမိတွေ့မြင်ခဲ့ရသည်အခြင်းအရာများကိုတင်ပြကာ “ ဤမြေအရပ်တွင် စေတီနှင့်တကွကျောင်းတိုက်ကြီးကို တည်ဆောက်မည်ဆိုပါက မြတ်ဗုဒ္ဓ၏ သာသနာတော်သည် ဤနေရာတွင် အနှစ်ငါးထောင်မက တည်မြဲနိုင်ပါသည်“ ဟုပြောကြားခဲ့ပါသည်။

အမတ်ကြီးဦးပွားသည် ၀မ်းမြောက်ဝမ်းသာရွှင်လန်းစွာဖြင့် ပုဂံမင်းတရားကြီးအား သံတော်ဦးတင်လျက် ပုဂံမင်း၏ ခွင့်ပြုချက်ဖြင့် ဇာဂရုပုဏ္ဏား ညွှန်ပြသည့် မြေကောင်းမြေမြတ်နေရာတွင် ယခု ဆုတောင်ပြည့်စေတီတော်ကြီးနှင့် ဒက္ခိရာမ ဘုရားကြီးကျောင်းတိုက်ကြီးကို ကောဇာသက္ကရာဇ် ၁၂၀၈ ခုနှစ်၊ ကောင်းမြတ်သော မင်္ဂလာခါ၌ ရွှေအုတ်၊ငွေအုတ်၊ကြေးနီအုတ်တို့ဖြင့် မဟာပန္နက်တော်တင်ပြီး တည်ဆောက်ခဲ့ရာ ကောဇာသက္ကရာဇ် ၁၂၀၉ ခုနှစ်တွင် ပြီးစီးအောင်မြင်ပါသည်။စေတီတော်ကြီးအား ဆုတောင်းပြည့်စေတီတော် ဟူ၍ ဘွဲ့နာည်အမုတ်ခဲ့ပါသည်။

 မင်းကြီးဦးပွားသည် ကျောင်းတိုက်တော်ကြီး တည့်ပြီးသည့်နောက် တိုက်တာအုပ်ချုပ်မည့်ဆရာတော်အဖြစ် လှုဒါန်းရန်အတွက် အသောကရာမကျောင်းတိုက်တွင် သီးတင်းသုံးတော်မူသော သာသနာပိုင် မောင်းထောင်ဆရာတော် အရှင်ဉေယျဓမ္မ အားလျောက်ထားရာ ဆရာတော်ကြီးက “ ဒကာတော် ဒို့များရဲ့တိုက်ထဲက စနေဒေါင့်ကျောင်းမှာ စာပေပို့ချလျက်ရှိတဲ့ မောင်ဇာဂရကို ဒို့များကိုယ်စား လှုပါလေ“ဟု `ပုဂ္ဂလ၀ိသေသော ဇာနိတဗ္ဗော`ဟူသည်နှင့်အညီ ပညာရှိ သူတော်ကောင်းတို့၏ ကျင့်ထုံးမူအရ ချီးမြင့်ရန်တာဝန်ရှိသည့်အလျောက် ညွှန်ပြလှုဒါန်းခွင့်ပြုတော်မူခဲ့ပါသည်။

သာသနာပိုင်ဆရာတော်၏ ညွှန်ပြချက်နှင့်အညီ မင်းကြီးဦးပွားသည် စာချဆရာတော်လေး (နောင် ပဉ္စမသင်္ဂါသနာတင် ဦးစီးနာယက ဇာဂရာဘိဓဇ တိပိဋကဓရ မဟာဓမ္မရာဓိရာဇဂုရု လောင်းလျာ) ဦးဇာဂရအား ဒက္ခိဏာရာမတိုက်တော်ကြီးအား ဦးစီးမဟာနာယက ပဓာန ဆရာတော်အဖြစ် ကျာင်းလွှတ်ပူဇော်ခဲ့ပါသည်။ ကျောင်းလွှတ်ပူဇော်ပွဲသို့ ပုဂံမင်းတရားကြီးကိုယ်တိုင် ရှေ့ခြောက်တပ်၊ နောက်ခြောက်တပ်၊ သူရဲအခြံအရံ ၀င်းခင်းလျက်ထွက်တော်မူကာ ကိုယ်တော်တိုင် ရေစက်သွန်းချ လှုဒါန်းခဲ့ပါသည်။
ဒက္ခိဏာရာမကျောင်းတိုက်ကြီးမှာ မင်းကြီးဦးပွားတည်ထား ကိုးကွယ်သည့် ဆုတောင်းပြည့်စေတီတော်ကြီးကို အမှီပြု၍ ဘုရားကြီးတိုက် ဟူ၍၎င်း။ မန္တလေးနန်းမြို့၏ တောင်ဘက်မျက်နှာ၌ တည်ရှိသောကြောင့် ဒက္ခိဏာရာမတိုက် ဟူ၍၎င်း။ နှစ်မည်ပေါင်း၍ ဒက္ခိဏာရာမဘုရားကြီးတိုက် ဟူ၎င်း ထင်ရှားကျော်ကြားပါသည်။


No comments:

Post a Comment